JellyPages.com

Thursday, 13 October 2011

တွံတေးဆရာတော် အရှင်ဣန္ဒက

၁။ ဗောဇ္ဈင်(၇)ပါးတရားတော် Download
၂။ ကံနှင့်လူသား Download
၃။ တရားရတော့တရားနှင့်ပျော် Download
၎။ သုခသာမဏေတရားတော် Download
၅။ ရေကူးသမားခုနှစ်ယောက် Download
၆။ မဟာဓမ္မပါလတရားတော် Download
၇။ အံဖွယ်(၈)ဖြာတရားတော် Download
၈။ ပရိတ်ကြီး(၁၁)သုတ်တရားတော် Download
၉။ ၀ိပဿနာဥာဏ်ဖြစ်ပုံတရားတော် Download
၁၀။ သောနကဇာတ် Download
>>>ဆက်ဖတ်ရန်>>> >>

Tuesday, 11 October 2011

ရှင်ဒေ၀ဒတ်

 

လူတို့၏ မတူကွဲပြားခြားနားခြင်းတွင် အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းနှင့် အနှစ်သာရပိုင်းအရ ခြားနားခြင်းဟူ၍ နှစ်မျိုးရှိသည်။ အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်း ဟူသည်မှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ငွေကြေး၊ ရာထူးဂုဏ်သိန်၊ အခြံအရံ၊ သြဇာအာဏာ စသည်တို့အရ ခြားနားခြင်းမျိုး ဖြစ်သည်။ အနှစ်သာရပိုင်းအရ ခြားနားခြင်းမှာမူ စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်တရားအရာတွင် ခြားနားခြင်း ဖြစ်သည်။

ကိုယ်ကျင့်တရားကို အနှစ်သာရပိုင်းဟူ၍ ဆိုရသော်လည်း မိမိ၏မကောင်းသော ကိုယ်ကျင့်တရားကို ကောင်းသယောင် ဟန်ဆောင် ဖုံးကွယ်တတ်သော၊ မိမိ၏ မရှိသော ဂုဏ်သိက္ခာကို အရှိလုပ်တတ်သော ပုဂ္ဂိုလ်မျိုးလည်း ရှိပါသည်။ ထိုပုဂ္ဂိုလ်တွင် ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်၍ လေးစားချီးကျူးအပ်ဖွယ် တစ်စုံတစ်ရာသည် မရှိသော်လည်း ထိုသူနှင့် စရိုက်၊ ညဉ်တူသော ပတ်ဝန်းကျင်တွင်မူ ထိုသူတို့ ဆောင်ရွက်ချက်အားလုံးကို "မှန်သည်"ဟူ၍ ထင်မြင်တတ်သည်။ ဤအဖြစ်မျိုးကို "ပါရိဘာသိကသစ္စာ" ဟူ၍ ခေါ်ဆိုရ၏။ သူ့အရပ်သူ့ဇာတ် "လက်ဝါးချင်းကိုက်"သော၊ သူ့လူနှင့်သူ"ဟုတ်"သောတရားမျိုး ဟု အနက်အဓိပ္ပါယ် ရနိုင်ကောင်းပါသည်။ ဤသည်မှာ ရှင်ဒေ၀ဒတ်ကို ၀ဇ္ဇီတိုင်းသားများက မှန်သည်ဟူ၍ ထင်မြင်တတ်သည့် အတိုင်းပင် ဖြစ်ပါ၏။

ရှင်ဒေ၀ဒတ်က ဤသို့ထုတ်ပြန် ကြေညာဖူးသည်။

(၁)ရဟန်းအားလုံး တောကျောင်း၌သာ နေကြရန်။
(၂)ရဟန်းအားလုံး ပင့်ဆွမ်းကို လက်မခံဘဲ ဆွမ်းခံ၍သာ ဘုဉ်းပေးရန်။
(၃)ပံသကူသင်္ကန်းကိုသာ သုံးကြရန်။
(၄)သစ်ပင်ရင်း၌သာ သီတင်းသုံးကြရန်။
(၅)သတ်သတ်လွတ်သာ ဘုဉ်းပေးကြရန်။

ဤထုတ်ပြန်ချက်များသည်ကား အသွင်သဏ္ဍာန်အရ ကြည့်လျှင် ကြည်ညိုဖွယ်ရာရှိသော်လည်း အနှစ်သာရပိုင်းအရကြည့်လျှင်မူ တန်ဘိုးမဲ့လေ၏။ အဘယ့်ကြောင့် တန်ဘိုးမဲ့ရသနည်း ဟူမူ ထုတ်ပြန်ကြေညာသူ၏ ကိုယ်ကျင့်တရား မကောင်းမွန်မှုကြောင့် တန်ဘိုးမဲ့ရလေသည်။ ဤကြေညာချက်သည်ကား မရိုးမသားကြံစည်မှု သက်သက်သာ ဖြစ်သည်။ မှန်၏။

ရှင်ဒေ၀ဒတ်၏ နောက်ခံသမိုင်းကို သိကြသူများက ရှင်ဒေ၀ဒတ်၏ နောက်ကွယ်က အကြံအစည်ကို ထွင်းဖောက်၍ မြင်ကြသည်။ မြင်ကြသဖြင့် ကရုဏာသက်ကြသည်။ ပုထုဇဉ်ပညာရှိများကမူ သရော်ပြုံးပြုံးကြသည်။ ရှင်ဒေ၀ဒတ်၏ အကြောင်းကိုလည်း မိမိတို့နီးစပ်ရာပုဂ္ဂိုလ်များအား ဤသို့အကျဉ်းချုပ်ပြောပြကြကုန်သည်။

ရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရားကို အနားယူရန်လျှောက်ကြားပြီး သူ့ကို ဘုရား ရာထူးလွှဲအပ်ပေးရန် တောင်းဆိုခဲ့ဖူးသည်။ ဤတောင်းဆိုချက်ကို ကြည့်လျှင် ရှင်ဒေ၀ဒတ်သည် ပုထုဇဉ်စစ်စစ်ကြီးဖြစ်မှန်းသိသာ၏။ စင်စစ် သဗ္ဗညုတဥာဏ်သည် ပေးအပ်၍ရသော တရားမဟုတ်။ ပါရမီဖြည့်မှရသော တရားဖြစ်၏။ အရိယာပုဂ္ဂိုလ်သာဖြစ်လျှင် ဤကဲ့သို့ မအပ်သော အတွေးအကြံများကို တွေးမိမည် မဟုတ်။ မဂ်ဥာဏ်ရအောင် အားထုတ်ရသကဲ့သို့ သဗ္ဗညုတဥာဏ်ရရှိအောင် အားထုတ်ရမည်ဟူ၍သာ နားလည်နိုင်မည် ဖြစ်သည်။

ရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို မယုံကြည်သူ၊ နားမလည်သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူ၏ဈာန်အဘိဥာဉ်များကို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်နှင့် နှိုင်းယှဉ်ခဲ့သူ ဖြစ်ကောင်းဖြစ်မည်။ အတိုင်းအရှည်ကို မသိခြင်းကား မိုက်မဲသူတို့၏ ဗီဇ ဖြစ်ပါသည်။

ရှင်ဒေ၀ဒတ်သည် ဈာန်အဘိဥာဉ်များ ရခဲ့ဖူးသည် မှန်၏။ သို့ရာတွင် ထိုဈာန်အဘိဥာဉ်များသည် မြတ်စွာဘုရားကိုသတ်၍ ဘုရားရာထူးကို ယူမည်ဟူသော စိတ်ရိုင်းအကြံအစည် ၀င်သည်မှစ၍ ပျောက်ကွယ်ခဲ့ပါသည်။ ကိလေသာဆင်ရိုင်းများကို ဈာန်တရားက ခေတ္တမျှ ချွန်းအုပ်ထားနိုင်သဖြင့် ပညာမရှိသော ပုဂ္ဂိုလ်သည် မိမိသန္တန်တွင် အလုံးစုံသော ကိလေသာကင်းပြီဟု ထင်တတ်သည်။ အကြောင်းတိုက်ဆိုင်၍ ကိလေသာများ ပြန်လည်ပေါ်ပေါက်ထကြွလာမှ မိမိ၏အခြေအနေကို အမှန်အတိုင်း သိတတ်သည်။ နောက်မကျခင် သိရှိရမှကောင်းပါသည်။ နောက်ကျခြင်းသည် အ၀ီစိငရဲတွင် ကမ္ဘာပေါင်းများစွာ ခံနေရစေရန်အတွက် လုံလောက်သော "အမှားလုပ်ချိန်"ကို  ဖြည့်ဆည်းပေးတတ်ပါသည်။

ရှင်ဒေ၀ဒတ်သည် ဘုရားရာထူးကို ရယူရန်အတွက် မြတ်စွာဘုရားကို သတ်ရန်ကြံစည်အားထုတ်သည်။ ဤကြံစည်အားထုတ်မှု သည်ပင်လျှင် ရှင်ဒေ၀ဒတ်၏ ယုတ်မာမှုကို ဖော်ပြနေခြင်းဖြစ်၏။ ရှင်ဒေ၀ဒတ်သည် ဥာဏ်ကြီးသူဖြစ်သည်။ ဈာန်အဘိဥာဉ်ရှင် ဖြစ်သည်။ အမျိုးဇာတ်ကောင်းသူ ဖြစ်၏။ အခြံအရံပေါသူ ဖြစ်သည်။ သြဇာရှိသူဖြစ်သည်။ သို့ရာတွင် ဤအရာများသည်ကား အသွင်သဏ္ဍာန်များတည်း။ တကယ့်အနှစ်သာရအပိုင်းမဟုတ်။ တကယ့်အနှစ်သာရပိုင်းသည် အခြံအရံ၊ ဗဟုသုတ ဥာဏ်ပညာနှင့် ကြောင်းကျိုး ညီညွတ်သည်ဟု ထင်ရသော ဟန်ဆောင်ပန်ဆောင် စကားလုံးများမဟုတ်။ သီလဟု ခေါ်ရသော ကိုယ်ကျင့်တရား သာလျှင် ဖြစ်သည်။

ဤကြံစည်မှုကို ကြံစည်သည်ဟု ကြားသိရသည်နှင့်ပင် ရှင်ဒေ၀ဒတ်သည် အနှစ်ကင်းမဲ့သူ ဖြစ်ကြောင်း ပညာရှိများက သိကြသည်။ အမြစ်အခြေမရှိတော့သော အကိုင်းအဖျားသက်သက်နှင့် ကိုယ်သာဖြစ်ကြောင်း သိကြသည်။ ပညာရှိများအတွက် ကိုယ်ကျင့်တရားမရှိတော့သော ရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်ရာလျဉ်းမရှိတော့ပေ။

ရှင်ဒေ၀ဒတ်၏ ဘုရားရာထူးလွှဲအပ်ရန် တောင်းဆိုသံကို မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် တားမြစ်သည်။ တားမြစ်၍ မရသဖြင့် မြတ်စွာဘုရားက "ဒေ၀ဒတ်...ငါသည် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လန် တို့ကိုသော်မှ သံဃာအား လွှဲအပ်မည်မဟုတ်။ တံတွေးနှင့်တူသော ပစ္စည်းများကို သုံးစွဲနေသူ သင့်အား အဘယ်ကြောင့် လွှဲအပ်ရမည်နည်း"ဟု သံဝေဂရဖွယ် မိန့်ကြားသည်။

မှန်၏။ မိမိနှင့်မထိုက်တန်သော ပစ္စည်းများကို ကိုယ်ကျင့်တရားအား အပွန်းပဲ့ခံ၍ သုံးစွဲနေခြင်းကား တံတွေးနှင့်တူသော ပစ္စည်းများကို သုံးစွဲနေခြင်းပေတည်း။ တနည်းအားဖြင့် ကိုယ်ကျင့်တရားကို အပွန်းပဲ့ခံ၍ရလာသော ပစ္စည်းများသည်ကား တံတွေးမစင်ကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ်ရာ ဖြစ်ပေသည်။

ရှင်ဒေ၀ဒတ်ကား သံဝေဂရလောက်အောင် ပညာမရှိ။ တလွဲမာနသာရှိသည်။ တလွဲမာနကြောင့် ဆုံးမခံရခြင်းကို ၀မ်းမသာတတ်။ ၀မ်းမသာတတ်သဖြင့် ပရိတ်သတ်အလယ်မှ ထွက်သွားသည်။ မြတ်စွာဘုရားက ရှင်ဒေ၀ဒတ်နှင့် ပတ်သက်၍ "ပကာသနိယကံ" ကို ပြုစေ၏။ ပကာသနိယကံ၏သဘောကား ရှင်ဒေ၀ဒတ်ကို သာသနာမှ ကြဉ်လိုက်ခြင်းဖြစ်ပါသည်။ ရှင်ဒေ၀ဒတ်သည် သာသနာနှင့် မပတ်သက်ဟူ၍ သဘောရသည်။ ထို့ကြောင့် ရှင်ဒေ၀ဒတ်အနေနှင့် အားကိုးရာသည် မရှိတော့ပေ။ အခြံအရံကို အငတ်မွတ်ဆုံးသူဖြစ်ပါမှ အခြံအရံ ပရိသတ်သည်လည်း မရှိတော့ပေ။ လာဘ်လာဘကို အမြတ်နိုးဆုံးသူဖြစ်နေပါမှ လာဘ်လာဘသည်လည်း မရှိတော့ပေ။

ရှင်ဒေ၀ဒတ်သည် မာယာ ၊သာဋ္ဌေယျ အတတ်၌ အလွန်ကျွမ်းကျင်ဟန်တူ၏။ ကောက်ကျစ်သော အရာတွင်လည်း ထိုခေတ်က အတော်ဆုံးဖြစ်ဟန်တူ၏။ ပရိသတ်စုဆောင်းရန်အတွက် စဉ်းစားပုံကို ကြည့်ပါ။ လူတို့သည် ရုပ်ကိုအကြောင်းပြု၍ ကြည်ညိုသူ သုံးပုံနှစ်ပုံရှိ၏။ ကျော်စောသံကို အကြောင်းပြု၍ ကြည်ညိုသူက ငါးပုံလေးပုံရှိ၏။ ခေါင်းပါးသော အကျင့်ကို ကြည်ညိုသူက ဆယ်ပုံတွင် ကိုးပုံရှိ၏။ ထို့ကြောင့် ခေါင်းပါးသော အကျင့်ကို အကြောင်းပြု၍ ဆွဲဆောင်စည်းရုံးရလျှင် ငါ့နောက်လိုက်များ ဖြစ်လာကြမည်ဟူ၍ စဉ်းစားသည် ဆို၏။ ထို့ကြောင့် ခေါင်းပါးသောအကျင့်နှင့် ပတ်သက်သော အထက်ကဖော်ပြခဲ့သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတော့၏။

အနှစ်သာရပိုင်းကို သိသူများကမူ ပြုံး၍ကရုဏာသက်ကြသည်။ ပုထုဇဉ်အချို့ကမူ တွေဝေကုန်ကြသည်။ ဟုတ်နိုးဟုတ်နိုးထင်ကြသည်။ ပုထုဇဉ်တို့သည် လေယူရာတိမ်းသောဝါးပင်များနှင့် တူသည်။ မိမိကိုယ်တိုင်သိသော တရားဟူ၍ ဘာတစ်ခုမျှ မယ်မယ်ရရ မရှိသေးသဖြင့် သူတစ်ပါးက မုန်းစရာပြောလျှင် မုန်း၍၊ ချစ်အောင်ပြောလျှင် ချစ်ကြသည်။ ယုံအောင်ပြောလျှင် ယုံကြည်ကြ၍ မြှောက်ပြောလျှင် ကျေနပ်ကြသည်။ အကျင့်ကောင်းလျက် အပြောမတတ်သူကို မကြည်ညိုတတ်ဘဲ အပြောကောင်းလျက် အကျင့်မတတ်သော ပုဂ္ဂိုလ်များနောက်သာ တကောက်ကောက် လိုက်သွားချင်တတ်သည်။

အပြောကောင်းသော ပုဂ္ဂိုလ်များက အလုပ်လည်းမှန်သယောင် ဟန်ဆောင် လိမ်ညာသည်လည်း ရှိတတ်ပါသည်။ အန္ဓပုထုဇဉ်များအတွက် ထိုအလိမ်အညာများကို ရှောင်ရှားရန်မှာ မလွယ်ကူပါ။ အရိယာပုဂ္ဂိုလ်များနှင့် ၀ိပဿနာ ပညာဥာဏ် အားကောင်းသော ပုဂ္ဂိုလ်များကမူ ကိုယ်တိုင်သိသောပညာ၏ အစွမ်းကြောင့် အလိမ်အညာကို အလိမ်အညာဟူ၍ သိကြပေသည်။ သိကြသည့်အလျောက် ရှင်ဒေ၀ဒတ် ၏ အလိမ်အညာတရားများကို ထုတ်ဖော် ပြောသင့်သည့်အလျောက် ရှင်းလင်း ပြောကြားရပေသည်။ ထိုသို့ ရှင်းပြထားကြသဖြင့် ပရိသတ်အများစုက ရှင်ဒေ၀ဒတ်၏ စကားကို မယုံကြည်ကြ။ ရှင်ဒေ၀ဒတ်၏ နောက်လိုက်လည်း မဖြစ်ကြ။ ရှင်ဒေ၀ဒတ် မှားသလိုလည်း အများစုက မမှားကြ။

သို့ရာတွင် ၀ဇ္ဇီတိုင်းသားရဟန်းများကမူ ရှင်ဒေ၀ဒတ်၏ တရားအဆန်းကို ယုံကြည်မိကြသည်။ ရှင်ဒေ၀ဒတ်ကို သစ္စာရှင်ဟု ထင်မှတ်မိခဲ့ကြသည်။ အတိတ်သမိုင်းနှင့် ကိုယ်ကျင့်တရားကို ထည့်သွင်းစဉ်းစားခြင်း မပြုတော့ဘဲ ရှင်ဒေ၀ဒတ်၏တရားများကို သစ္စာတရားများ အဖြစ်လက်ခံမိခဲ့တော့၏။ ဤ သစ္စာတရားမျိုးသည်ကား အထက်တွင်ဖော်ပြခဲ့သော စရိုက်တူညဉ်တူချင်း ချီးမွမ်းသော အယောင်ဆောင် သစ္စာတရားသာ ဖြစ်လေသည်။

အဓမ္မသည် ဓမ္မကို ရေရှည်၌ အံမတုနိုင်။ သစ္စာတရားကို အမှန်တကယ်ရှာဖွေနေသူကို အ၀ိဇ္ဇာတရားသည် ကြာရှည် ဖုံးပိတ်ထားလို့မရ။ ပါရမီပြည့်စုံသောအခါ ဖွင့်လှစ်ပြရသည်သာဖြစ်သည်။ ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည် ရှင်ဒေ၀ဒတ် အနားယူနေခိုက် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လန်တို့၏ တရားများကို နာယူကြရသည်။ တရားကိုနာယူသဖြင့် သောတာပန်တည်ကြသည်။ သောတာပန်၏ ဂုဏ်သတ္တိတစ်ခုတွင် ရတနာသုံးပါးကို မမှိတ်မသုံယုံကြည်ခြင်း ဟူ၍ ပါဝင်သည်။ သောတာပန်သည် အသိနှင့်ပတ်သက်၍၊ အကျင့်နှင့်ပတ်သက်၍ ယုံမှားသံသယမရှိတော့။ အသိအကျင့်အရာမှာ ဘယ်သူမှားသနည်း ဘယ်သူမှန်သနည်းဟူ၍ ငြင်းခုန်စရာမလိုတော့။

ကိုယ်ပိုင်ဥာဏ်ဖြင့် အမှန်တရားကို သိခဲ့သော ၀ဇ္ဇီတိုင်းသားရဟန်းများအတွက် မသိခင်က ကြည်ညိုခဲ့သော ရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်မရှိတော့။ မသိခင်က အထင်ကြီးခဲ့သော ခေါင်းပါးသောအကျင့် ကြေညာချက် သည် အထင်ကြီးဖွယ်မရှိတော့။ ရှင်ဒေ၀ဒတ်၏ ကျော်စောမှု၊ ဥာဏ်ကြီးမှုနှင့် အမျိုးမြတ်မှုတို့သည် အခွံ၊အကာသာလျှင်ဖြစ်ကြောင်း သိမြင်ကြသည်။ အနှစ်သာရသည်ကား သောတာပန်စသော အရိယာပုဂ္ဂိုလ်တို့ပိုင်ဆိုင်သော သီလဂုဏ်သာလျှင် ဖြစ်ကြောင်း သိမြင်ကြသည်။

ဤသို့အမှန်အတိုင်းသိကြသဖြင့် ၀ဇ္ဇီတိုင်းသား ရဟန်းများသည် မြတ်စွာဘုရားထံ ပြန်ကြွသွားကြသည်။ ရှင်ဒေ၀ဒတ်၏ နိဂုံးကား သွေးပွက်ပွက်အံခြင်းနှင့် အ၀ီစိငရဲဖြစ်လေ၏။ ရှင်ဒေ၀ဒတ်နှင့်ပတ်သက်၍ မြတ်စွာဘုရားက ဤသို့ဟောကြားတော်မူသည်။

"မကောင်းမှုကိုပြုသူအတွက် ယခုဘ၀တွင်လည်း ပူပန်ရသည်။ တမလွန်ဘ၀တွင်လည်း ပူပန်ရ၏။ မကောင်းမှုကို ပြုမိသည်ဟု သိသည်နှင့် ပူပန်ရ၏။ တမလွန်ဘ၀တွင်ကား ထို့ထက်ပို၍ ပူပန်ရ၏။

ဤဒေသနာ၏အဆုံးတွင် သောတာပန်ဖြစ်သူများ ဖြစ်ကြ၍ ကံကံ၏အကျိုးကို ယုံကြည်ကြသူများက ယုံကြည်ကြလေသည်။ ရှင်ဒေ၀ဒတ်သည်ကား အ၀ီစိငရဲမကျခင် သူ၏အမှားကို သိမြင်ခဲ့ဖော်ရသေးသည်။ သရဏဂုံတည်ရုံမက အလွန်လေးမြတ်စွာ ရှိခိုးခဲ့သေးသည်။ ဤကားကုသိုလ်တည်း။ ကုသိုလ်သည် ကုသိုလ်၏အကျိုးကိုသာ ပေးမြဲဖြစ်သဖြင့် ရှင်ဒေ၀ဒတ်သည် ပစ္စေကဗုဒ္ဓါအဖြစ်ဖြင့် ကမ္ဘာတစ်သိန်းအထက်တွင် ကျွတ်တမ်းဝင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏ အကုသိုလ်အမှုကံနှင့် အကုသိုလ်အကျိုးပေးများကို ကြည့်၍ သံဝေဂယူ ထိတ်လန့်ရသလို ကုသိုလ်အမှုကံအတွက် သာဓုခေါ်ဆို ၀မ်းမြောက်ရမည် ဖြစ်ပါသည်။

အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ခွဲခြား၍မသိကြလျှင် ရုပ်ဝတ္ထုပစ္စည်းများသည် အထင်ကြီးဖွယ်ရာ ဖြစ်သည်။ ထိုပစ္စည်းများကို ပိုင်ဆိုင်နေကြသော ပုဂ္ဂိုလ်များသည်လည်း အထင်ကြီးဖွယ်ရာ ဖြစ်လေသည်။

ကိုယ်ကျင့်တရားတည်းဟူသော စံနှုန်းနှင့်တိုင်းတာမှသာ ကြည်ညိုဖွယ်ရာ ပုဂ္ဂိုလ်အစစ်အမှန်ကို သိမြင်ရာသည်။ တန်ဘိုးထားအပ်သော စကားအစစ်အမှန်၊ တရားအစစ်အမှန်ကို သိမြင်ရာသည်။

ဆင်းရဲဒုက္ခ၏ အကြောင်းကား စင်စစ် အကုသိုလ်ကံပင် ဖြစ်ပါသည်။ အကုသိုလ်ကံအမှုကို ပြု၍ ယခုဘ၀နှင့်တမလွန်ဘ၀တွင် ဆင်းရဲပူပန်မှုကို ကြုံရသည်ကို ရှင်ဒေ၀ဒတ်က သာဓက ပြသွားခဲ့ခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ ဘ၀ရည်မှန်းချက်များစွာအနက် ဖြစ်သင့်သော ရည်မှန်းချက်တစ်ချက် သည်ကား အကုသိုလ်အမှုများကို တတ်နိုင်သမျှ ရှောင်၍ ကုသိုလ်အမှုများကိုကား "နည်းနည်းအမည်ခံ များများလုပ်ကြရန်"သာ ဖြစ်ပါတော့သည်။
>>>ဆက်ဖတ်ရန်>>> >>

အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီး

သာသနာတည်တံ့ရေးနှင့် သာသနာသန့်ရှင်းရေးတည်းဟူသော အရည်အချင်းရှိမှသာ သာသနာပြန့်ပွားရေးတည်းဟူသော အရေအတွက် များပြားလာနိုင်ပါသည်။ မြတ်စွာဘုရား သာသနာအဆုံးအမများကို အမှန်တကယ်လိုက်နာခြင်းမရှိဘဲ အမည်ခံဗုဒ္ဓဘာသာဦးရေ များပြားလာခြင်းသည် သာသနာပျက်ဆီးခြင်း၏ အစပျိုးလက္ခဏာဖြစ်လာနိုင်ပါသည်။ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားနှင့် လိုက်နာကျင့်သုံးမှု အကျင့်မြတ် ရှိသောသူ များပြားလာပြီး လက်ဆင့်ကမ်း အမွေပေးခြင်းဖြင့်သာ သာသနာရေရှည် တည်တံ့ခြင်း ရှိလာနိုင်ပါသည်။ ဗုဒ္ဓသာသနာသည် ဆွဲဆောင်စည်းရုံးပြီး ဆုတောင်းပြည့်စေတတ်ခြင်းမဟုတ်ဘဲ၊ ကိုယ်တိုင်လိုက်နာ ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ တသက်တာ စွဲမြဲစေရခြင်းဖြစ်ပေသည်။ မက်လုံးပေး ဆွဲဆောင်မှုနောက် ပါသွားရခြင်းမှာ ဗုဒ္ဓသာသနာအဆုံးအမကို မလိုက်နာ မကျင့်သုံးခြင်းတည်းဟူသော အကြောင်းတရားကြောင့် ယုံကြည်သက်ဝင်မှုဟူသော အကျိုးတရားမခိုင်မြဲခြင်းကြောင့်သာ ဖြစ်ပေသည်။ ယုံကြည်မှုရှိမှသာ လိုက်နာမှုရှိမည်ဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် လိုက်နာကျင့်သုံးမှုရှိမှသာ ယုံကြည်မှုခိုင်မြဲမည်ဖြစ်ပေသည်။
>>>ဆက်ဖတ်ရန်>>> >>

သီလစောင့်မှ အူမတောင့်

မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် စောင့်ထိန်းရမည့်သီလတရားတို့ကို ပစ်ပယ်လျက် မိမိတို့၏ စားဝတ်နေရေးအတွက် မသမာသော နည်းမျိုးစုံဖြင့် ကြိုးပမ်းမှုသည် လတ်တလောအခြေအနေအတွက် ကောင်းမွန်နိုင်သော်လည်း၊ ရေရှည်တွင်မူ အဆင်မပြေမှု ဒုက္ခများစွာကို ရင်ဆိုင်ကြရပေမည်။ ငတ်လာလျှင် ဘာမဆိုလုပ်လိမ့်မည်ဟု ယုံကြည်ခြင်းသည် မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ သီလမရှိခဲ့ခြင်းကြောင့် ဆင်းရဲခြင်းဖြစ်ပေါ်စေသော်လည်း၊ ဆင်းရဲမှုကြောင့် သီလမဆောက်တည်နိုင်ပါက သံသရာဝဋ်ဆင်းရဲမှ မည်သည့်အခါမျှ ရုန်းထွက်နိုင်မည် မဟုတ်တော့ပေ။ သီလဆောက်တည်မှုကြောင့် ဆင်းရဲရာမှ ချမ်းသာလာခြင်းသည် အတိုင်းအတာတခုအထိ တည်မြဲနိုင်သော်လည်း၊ သူတပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရလာသော မသမာသောနည်းဖြင့် ငွေကြေးချမ်းသာလာခြင်း၏ အကျိုးဆက်သည် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ဘဝကို အဆုံးသတ်ရမည့်အပြင် သံသရာတလျှောက်တွင်လည်း ဆိုးကျိုးပေါင်းစုံကို ရင်ဆိုင်တွေ့ရပေလိမ့်မည်။ တဘဝ တခဏ မိမိတို့ဘဝ အဆင်ပြေချမ်းသာစေရန် လူသားချင်းမစာနာ လူလူချင်းမညှာတာဘဲ တခြားသူများအား ဒုက္ခပေးသူများသည် တချိန်ချိန်တွင် ထပ်တူထပ်မျှခံစားမှု ဝဋ်လည်ခြင်းကို ပြန်လည်ခံစားရမည် ဖြစ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်းတရားငါးမျိုး

 

(၁) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ ချစ်ခင်ခြင်းမေတ္တာကို ပွားများရမည်။

(၂) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ သနားခြင်း (ကရုဏာ)ကို ပွားများရမည်။

(၃) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ လျစ်လျူရှုခြင်း (ဥပေက္ခာ)ကို ပွားများရမည်။

(၄) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ သတိမထားခြင်း၊ နှလုံးသွင်းခြင်းကို ပွားများရမည်။

(၅) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ ကံသာလျှင် မိမိတို့ကိုယ်ပိုင် ဥစ္စာရှိသည့် အဖြစ်ကို ပွားများရမည်။
ကံသာလျှင် မိမိဥစ္စာဖြစ်၍ ကံ၏ အမွေခံဖြစ်၏။ ကံသာလျှင် အကြောင်းရှိ၏။ ကံသာလျှင် ဆွေမျိုးဖြစ်၏။
မိမိပြုလုပ်သော ကံ၊ မကောင်းသော ကံ၏ အမွေခံသာ ဖြစ်ပေသည်ဟု အောက်မေ့ရာ၏။
>>>ဆက်ဖတ်ရန်>>> >>

အပြောအဆို ခက်ကြောင်း တရားများ…

အနုမာနသုတ်မှ-

အပြောအဆို ခက်ကြောင်း တရားများ…

ငါ့သျှင်တို့ ဤ သာသနာတော်၌ ရဟန်းသည် အလိုဆိုး ရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်တတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအလိုဆိုး ရှိခြင်း အလိုဆိုးတို့၏ အလိုသို့ လိုက်ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် မိမိကိုယ်ကို မြှင့်တင်တတ်၏၊ သူတစ်ပါးကို ရှုတ်ချတတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤမိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမျက် ထွက်တတ်၏၊ အမျက် လွှမ်းမိုး ခံရ၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက် လွှမ်းမိုးခံရခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမျက် ထွက်တတ်၏၊ အမျက် ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုး ဖွဲ့တတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက် ထွက်ခြင်း အမျက် ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုး ဖွဲ့ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမျက် ထွက်တတ်၏၊ အမျက် ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီး၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်း အကြောင်းကြောင့် အစွဲကြီးခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမျက် ထွက်တတ်၏၊ အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆို တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက် ထွက်ခြင်း အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြု၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုခြင်းသဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်း၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းခြင်း သဘောသည်လည်း အပြော အဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို အပြစ်ပြန်တင်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို အပြစ် ပြန်တင်ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့် စကား တစ်မျိုးကို ဖုံးလွှမ်း၏၊ စကားကို အပသို့ လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှား ပြု၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို စကား တစ်မျိုးဖြင့် စကား တစ်မျိုးကို ဖုံးလွှမ်းခြင်း စကားကို အပသို့ လွှဲဖယ်ခြင်း အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှား ပြုခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကအား ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဂုဏ်ကျေးဇူးကို ချေဖျက် တတ်၏။ ဂုဏ်ပြိုင်တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ဂုဏ်ပြိုင်ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် မနာလိုတတ်၊ ဝန်တို တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤမနာလိုခြင်း ဝန်တိုခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် စဉ်းလဲ တတ်၏၊ လှည့်ပတ် တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစဉ်းလဲခြင်း လှည့်ပတ်ခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခက်ထန်၏၊ အလွန် မောက်မာ၏။ ငါ့သျှင်တို့ ရဟန်း၏ ဤခက်ထန်ခြင်း အလွန် မောက်မာခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် မိမိအယူကို စွဲလန်း တတ်၏၊ မြဲမြံစွာ ယူတတ်၏၊ စွန့်နိုင်ခဲ၏။ ငါ့သျှင်တို့ ရဟန်း၏ ဤမိမိအယူကို စွဲလန်းခြင်း မြဲမြံစွာ ယူခြင်း စွန့်နိုင်ခဲခြင်း သဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ ဤသဘောတို့ကို အပြောအဆို ခက်ကြောင်းတို့ဟူ၍ ဆိုရ၏။

၅ - အနုမာနသုတ် -မှ- သီဟနာဒဝဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
>>>ဆက်ဖတ်ရန်>>> >>

ပေးလှူခြင်း၏ အကြောင်းရှစ်ပါး...

ဒါနဝတ္ထုသုတ်

ရဟန်းတို့ ပေးလှူခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁...ချစ်မြတ်နိုးသဖြင့် အလှူကို ပေးလှူ၏၊

၂...အမျက်ထွက်သဖြင့် အလှူကို ပေးလှူ၏၊

၃...မိုက်မဲတွေဝေသဖြင့် အလှူကို ပေးလှူ၏၊

၎...ကြောက်သဖြင့် အလှူကို ပေးလှူ၏၊

၅...အဖ အဘိုးတို့သည် လှူဖူး၏၊ ပြုဖူး၏၊ ရှေးလူကြီးတို့၏ အမျိုးအနွယ်ကို ယုတ်စေရန် မထိုက်ဟု အလှူကို ပေးလှူ၏၊

၆...ငါသည် ဤအလှူကို လှူ၍ ကိုယ်ခန္ဓာ ပျက်ကြွေ သေသည်မှ နောက်၌ ကောင်းမှုပြုသော သူတို့၏ လားရာဖြစ်သော နတ်ပြည် လောက၌ ဖြစ်ရပေလိမ့်မည်ဟု အလှူကို ပေးလှူ၏၊

၇...ဤအလှူကို လှူသော ငါ့အား စိတ်ကြည်လင်၏၊ နှစ်သက်သော စိတ်ရှိသော အဖြစ်, ဝမ်းမြောက်သော စိတ်ရှိသော အဖြစ်သည် ဖြစ်၏ဟု အလှူကို ပေးလှူ၏၊

၈...သမထ ဝိပဿနာ စိတ်၏ အဆင်တန်ဆာ အခြံအရံ အလို့ငှါ အလှူကို ပေးလှူ၏။ ရဟန်းတို့ ပေးလှူခြင်း၏ အကြောင်းတို့သည် ဤရှစ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။ 33

၃ - ဒါနဝတ္ထုသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
>>>ဆက်ဖတ်ရန်>>> >>